မိုင်းယောင်းမြို့တွင် “လူငယ်များနှင့် ပရဟိတစိတ်ထား”အကြောင်း ဆွေးနွေး

မိုင်းယောင်း စက်တင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက “လူငယ်များနှင့် ပရဟိတစိတ်ထား”အကြောင်း ဆွေးနွေးသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက ပရ=သူတစ်ပါး၊ ဟိတ=အကျိုး၊ ပရဟိတ=သူတစ်ပါးအကျိုး၊ ထို့ကြောင့် ပရဟိတဆိုသည်မှာ သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ထို့အတူ သူတစ်ပါး၏အကျိုးကို ဆောင်ရွက်ပေးခြင်းဖြင့် ကိုယ့်အကျိုးလည်း ပြီးမြောက်သော အလွန်မွန်မြတ်သည့် အလုပ်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိအတွက် ခန္တီ၊ မေတ္တာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ပါရမီများကို ဖြည့်ကျင့်ရာလည်း ရောက်ပါကြောင်း ပရဟိတအလုပ်သည် သူတော်ကောင်းတို့ ချီးမွှမ်းသော အလုပ်တစ်ခုဖြစ်ကြောင်း ဆွေးနွေးသည်။

ထို့နောက် Youth Club မှ ဦးရဲရင့်အောင်က ပရဟိတ အစ ဗုဒ္ဓကဟု ဆိုရပေမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓသည် လောကီစည်းစိမ်ကိုစွန့်၍ သံသရာတွင် ကျင်လည်နေသော သတ္တဝါများကို ကယ်တင်ရန် တောထွက်၍ ဘုရားအဖြစ်သို့ရောက်အောင် ကျင့်ကြံအားထုတ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ဘုရားအဖြစ်သို့ ရောက်သောအခါတွင်လည်း သတ္တဝါတို့အား သံသရာဆင်းရဲမှ လွတ်မြောက်စေရန် တရားအမြိုက်ဆေး တိုက်ကျွေးကာ ကယ်တင်ခဲ့ကြောင်း၊ ကျွန်တော်တို့သည် ပရဟိတလုပ်ဆောင်ရာတွင် မိသားစုအတွင်းမှ စတင်ဆောင်ရွက်ကြရပေလိမ့်မည်ဖြစ်ကြောင်း၊ မိသားစုတွင် မိမိအကျိုးထက် မိဘနှစ်ပါး၏အကျိုးကို စဉ်းစားဆောင်ရွက်ရကြောင်း၊ ညီအစ်ကိုမောင်မနှမများကြားတွင် အနစ်နာခံလိုစိတ်ရှိရမည်ဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းများကြားတွင်လည်း အတ္တတရားကိုဖယ်၍ ပရတရားကို လက်ကိုင်ထားကြရမည်ဖြစ်ကြောင်း၊ မိသားစုအတွင်း၌ ပရဟိတစိတ်ကို စတင်လုပ်ဆောင်ခြင်းမှတစ်ဆင့် မိမိအိမ်နီးချင်းများ၊ မိမိပတ်ဝန်းကျင် မိမိရပ်ရွာ၊ မိမိမြို့၊ မိမိတိုင်းပြည်၊ မိမိကမ္ဘာကြီးအတွက် အကျိုးရှိအောင် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ဆွေးနွေးခဲ့သည်။

ယင်းနောက် ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က ယနေ့ခေတ်တွင် သက်ကြီးရွယ်အို ဘိုးဘွားရိပ်သာများ၊ မျက်မမြင် ပရဟိတကျောင်းများ၊ မိဘမဲ့ပရဟိတကျောင်းများ၊ လူမှုကူညီရေးအသင်းများ၊ ဘုန်းတော်ကြီးသင် ပညာကျောင်းများ၊ အခမဲ့ ဆေးပေးခန်းများ စသည်ဖြင့် နေရာဒေသများစွာတို့တွင် ဖွင့်လှစ်ထားလျက်ရှိကြပါကြောင်း၊ ထို့ကြောင့် မိမိတို့တတ်နိုင်သော နေရာမှ ငွေအားဖြင့်လည်းကောင်း၊ ကာယအားဖြင့်လည်းကောင်း၊ ဉာဏအားဖြင့်ဖြင့်လည်းကောင်း ဝိုင်းဝန်းကူညီကြရန် လိုအပ်ပါကြောင်း၊ ပရဟိတဟူသော အများအကျိုးဆောင်ရွက်ကြရာတွင် မေတ္တာတရားလက်ကိုင်ထားသူများ၊ စာနာရိုင်းပင်းတတ်သူများ၊ ကိုယ်ချင်းစာစိတ်ရှိသူများ၊ ဖြူစင်သောနှလုံးသားရှိသူများ မည်သူမဆို လုပ်ဆောင်နိုင်ကြပါကြောင်း၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ကြသော်လည်း မိမိ၏ အတ္တကိုယ်ကျိုး သက်သက်ကိုသာ ကြည့်ကြလျှင် အများအကျိုးအတွက် ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ပညာပြည့်ဝနှလုံးလှသူတို့သည် အများအကျိုးအတွက် ပညာအစွမ်း၊ ဉာဏ်အစွမ်းကို အသုံးချ၍ အများအကျိုး ဆောင်ရွက်တတ်ကြကြောင်း ဆွေးနွေးခဲ့သည်။

စိုင်းအောင်ဇော်လင်း