ပင်းတယမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ

ပင်းတယ စက်တင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်  မိုင်းလီကျေးရွာအုပ်စု၊   ဖောင်းပြားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ  တွေ့ဆုံပွဲအား ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဗိုလ်မှူးထွန်းထွန်းဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးကိုလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ်၊ ဦးစီးမှူးက ဌာနလုပ်ငန်းများ ချပြရှင်းလင်းခြင်းနှင့် မြစိမ်းရောင်ချေးငွေ မရရှိသေးသည့် ကျေးရွာများအတွက် ချေးငွေများချပေးသွားမည်ကြောင်း၊ သမဝါယမဦးစီးဌာနမှ သမဝါယမချေးငွေထုတ်ချေးပေးနေမှုအခြေအနေများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်များရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်ရေး၊ ဆောင်ရန်ရှောင်ရန်နှင့် ကုသပုံနည်းလမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ စိုက်ပျိုးရေးနှင့်ပတ်သက်၍လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ပြည်သူများအနေဖြင့် သတင်းအမှား၊ အမှန်ကို ခွဲခြားသိမြင်၍ Social Media ပေါ်က သတင်းအမှားများကို လွယ်လင့်တကူ မယုံကြည်သင့်ကြောင်း အသီးသီးချ​ပြရှင်းလင်းဆွေးနွေး ပြောကြားပေးခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် မိဘပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ပြန်လည်ဖြေကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)