မိတ္ထီလာမြို့တွင် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မရှိစေရန် ကုန်တင်ယာဉ်များကို ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီခွင့်ပြု

မိတ္ထီလာ စက်တင်ဘာလ ၁၄

မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသည်ယာဉ်လိုင်းများ ပြေးဆွဲခြင်းမှ ယာယီရပ်နားထားသော်လည်း မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရန် ကုန်တင်ယာဉ်များကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုလျက်ရှိကြောင်း  သိရသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်၍ ခရီးသည်ယာဉ်လိုင်းများ ပြေးဆွဲခြင်းမှ ယာယီရပ်နားထားသော်လည်း ကုန်စည် စီးဆင်းမှု ပြတ်တောက်မှုမရှိစေရန် ကုန်တင်ယာဉ်များကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုပေးလျက်ရှိသည်။ ယင်းသို့ ကုန်တင် ယာဉ်များကို ခွင့်ပြုပေးသော်လည်း ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များမှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များမှအပ အခြား တိုင်းဒေသကြီး၊ ပြည်နယ်များမှ ဝင်ရောက်လာသော ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များကို ယာဉ် ဝင်/ထွက် စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပြီးမှသာ ခွင့်ပြုပေးလျက်ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များမှ ဝင်ရောက်လာသော ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များဖြင့် ကုန်ပစ္စည်းတင်ဆောင်ပြီး မောင်းနှင်လာသော ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များကို  မန္တလေး တိုင်းဒေသကြီးအတွင်းမှ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များဖြင့် လဲလှယ်မောင်းနှင်ရန်နှင့် မိတ္ထီလာမြို့နယ်အတွင်း ဖြတ်သန်း သွားလာသည့် ကုန်တင်ယာဉ်များ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရန် အမြန်လမ်း သီးကုန်းစစ်ဆေးဂိတ်တွင် ယမန်နေ့မှ စတင်၍ အဖွဲ့ (၉) ဖွဲ့ဖြင့် (၂၄) နာရီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဉီးခင်မောင်မြင့်ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)