တောင်ဥက္ကလာပ စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က အခြေခံပညာကျောင်းများသို့ အရောက် သွားရောက် ငှားရမ်းပေးကြောင်း သိရသည်။
ထိုသို့ငှားရမ်း ဆောင်ရွက်ပေးရာတွင် တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံပညာ အလယ်တန်းကျောင်းသို့ ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ရသစာအုပ်များ (၂၀)အုပ်ကို အသစ်ပြန်လည်လဲလှယ် ငှားရမ်းပေးခဲ့ကြောင်းနှင့် ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်စာပေများ လာရောက် မငှားရမ်းနိုင်သည့်သူများအတွက် ရည်ရွယ်၍ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများသို့ နေ့ရက်အလိုက် အလှည့်ကျသွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)