ကလော စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင် ၊ ကလောမြို့နယ် ရေယားကျေးရွာအနီးတွင် ယနေ့ နံနက် ၃ နာရီ အချိန်ခန့်က ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၆၈/၅)နှင့် (၆၈/၆)ကြားအရောက်တွင် အရှိန် မထိန်း နိုင်၍ လမ်း၏ ဝဲဘက်ရှိ အနက် ၁၀၀ ပေ ခန့်ရှိ ချောက်ထဲသို့ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံး ကြောင်းသိရသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ကလောမြို့၊အမှတ်(၁၁၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်စိတ် ရဲအုပ် မျိုးလှိုင်ဝင်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ ကလောမြို့၊ အမှတ်(၈) ရပ်ကွက် နေသူ ယာဉ်မောင်းကြည်စိုးဦး (သ) ၃၈ နှစ် မောင်းနှင်သည့် ယာဉ်အမှတ်( YGN-----) ALPHARD အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် သာစည်ဘက်မှ ကလောဘက် သို့ မောင်းနှင်လာစဉ် ကလောမြို့နယ်၊ ရေယားကျေးရွာအနီး မိုင်တိုင်အမှတ် (၆၈/၅ ) (၆၈/၆) ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် ပေ (၁၀၀) ခန့်ရှိ ချောက် အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်း ကြည်စိုးဦးတွင် ဝဲဘက် နားရွက်ပြတ်ရှ ဒဏ်ရာ ၊ ဝဲနားထင်ဖူးရောင်ဒဏ်ရာ၊ လည်ပင်းရိုးကြိုး ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဖြစ်စဉ်နှင့်စပ်လျဉ်း၍ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ကလောမြို့မ ရဲစခန်းမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)