သန်လျင် စက်တင်ဘာ ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက လူအများသွားရာ ဘတ်စ်ကားမှတ်တိုင်များ၊ ကယ်ရီဂိတ်များ၊ လမ်းသွားလမ်းလာများအား ရောဂါပြန့်ပွားမှုမရှိစေရေး နှာခေါင်းစည်း (Mask)များဖြန့်ဝေခြင်း၊ လက်သန့်ဆေးရည်များဖြင့် ယာဉ်အတက်အဆင်းတွင် အသုံးပြုနိုင်ရေး စီစဉ်ပေးခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် ရှောင်ရန် ဆောင်ရန်များကို အသိပညာပေးဆောင်ရွက်လျက်ရှိသည်။ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု ပိုးတွေ့လူနာများ ရှိနေခြင်းကြောင့် ရောဂါပျံနှံမှု မဖြစ်ပေါ်ရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အဖွဲ့များခွဲကာ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရှိန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ကိုဗစ်ကော်မတီနှင့် ပူးပေါင်း၍ ညစဉ် ပြန်ကြားရေး မော်တော်ယာဉ်ဖြင့် အသိပညာပေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)