ပုဗ္ဗသီရိ စက်တင်ဘာလ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဂေါပကအဖွဲ့ ပဉ္စမသက်တမ်း(၃)နှစ်ကာလအတွက် ဂေါပကအဖွဲ့ဝင်များခန့်အပ်တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ၁၃၈၄-ခုနှစ်၊ တော်သလင်းလဆန်း(၇)ရက်၊ (၁-၉-၂၀၂၂) ရက်၊ ယနေ့နံနက်(၀၉:၃၀)နာရီအချိန်တွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ဓမ္မာရုံအတွင်း၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဒေသခံဩဝါဒါစရိယဆရာတော်၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်၊ ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဆရာတော်ဘဒ္ဒန္တဇနိန္ဒ အမှူးပြုတော်မူသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် စေတီတော်ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဇနိန္ဒမထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက်ဩဝါဒါစရိယ ဆရာတော်ကြီးများကိုယ်စား ပေါက်မြိုင်ဆရာတော်ကြီးက ဩဝါဒတော်များမိန့်ကြားခြင်းကို ပရိသတ်များက နာယူကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်မှ ဆရာတော်ကြီးများထံချဉ်းကပ်၍ သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး အကြီးအကဲများနှင့် တက်ရောက်လာကြသူများက ကြွရောက်လာသော ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ လယ်ဝေးမြို့ အင်းသာအရှေ့ကျောင်းတိုက် ဆရာတော်ကြီးထံမှ အနုမောဒနတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့သည်။ ၎င်းနောက် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)