ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာ

ကျောက်ဆည် စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးနှင့် ကြက်သွန်၊ ငရုပ်၊ မြေပဲ၊ နှမ်း၊ ဝါ၊ ကုလားပဲ၊ ငှက်ပျော စသည့်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တောင်သူများအနေဖြင့် ယာမြေများတွင်  ဈေးကွက်ကောင်းလျက်ရှိသော ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

ငှက်ပျောသီးနှံသည် ဈေးကွက်ကောင်းမွန်ခြင်း သွင်းအားစုနည်းပါးခြင်း၊ မိသားစုလုပ်အားဖြင့် စိုက်ပျိုးနိုင်သဖြင့် အလုပ်သမားရှားပါမှုမရှိခြင်းတို့ကြောင့် ပိုမိုစိုက်ပျိုးလာကြောင်း ငှက်ပျောစိုက် တောင်သူများထံမှသိရှိရပြီး ငှက်ပျောစိုက်ရာတွင် တစ်ပင်တန်းနှင့်နှစ်ပင်တန်း(စွယ်စုံ)ဟူ၍  အတန်းလိုက် အကွက်ချစိုက်ပျိုးကြကြောင်း၊ တစ်ပင်တန်းစိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့် တစ်တန်း (၈)ပေအကွာစိုက်ပျိုးကြပြီး၊ နှစ်ပင်တန်း(စွယ်စုံ)စိုက်ပျိုးမည်ဆိုပါက (၁၀)ပေခန့်အကွာ စိုက်ပျိုးကြကြောင်း သိရသည်။

ငှက်ပျောသီးနှံသည် စိုက်ပျိုးပြီး(၈)လတွင် ငှက်ပျောအဖူးများစတင်ထွက်ရှိပြီး (၁၀)လကျော်တွင် စတင်ခုတ်ရောင်းရကြောင်း နှစ်ပင်တန်း (စွယ်စုံ) ငှက်ပျောတစ်ဧက စိုက်ပျိုးမည်ဆိုပါက အပင်ရေ (၈၀၀)ခန့် ဝင်ဆန့်ကြောင်း၊ ကုန်ကျမှုအနေဖြင့် ထယ်စရိတ်၊ ထွန်စရိတ်၊ မျိုးဖိုးနှင့်စိုက်စရိတ် အပါ အဝင် ရေတင်ခြင်း၊ မြေဩဇာအသုံးပြုခြင်း၊ ပင်စည်ခုတ်လှဲရှင်းလင်းခြင်းများအပါအဝင် စုစုပေါင်း ငွေကျပ်(၁၅)သိန်း နီးပါး ကုန်ကျကြောင်း၊ ရောင်းဈေးအနေဖြင့် ငှက်ပျောအဖီး(၆)ဖီးပါငှက်ပျော အခိုင်(၄၀) နွားလှည်းတစ်စီးအား ငွေကျပ်(၁)သိန်းရှစ်သောင်းဈေး ရောင်းချရပြီး ငှက်ပျောတစ်ဧကတွင် ပျမ်းမျှလှည်းအစီးရေ  (၁၃)စီးမှ(၁၄)စီးအထိ ရောင်းချရကြောင်း ကျောက်ဆည်မြို့နယ် ကြောင် ပန်ကုန်းကျေးရွာမှ တောင်သူဦးကံမြင့်က ပြောပြသည်။

သက်မောင်(ကျောက်ဆည်)