ဘူးသီးတောင် စက်တင်ဘာ ၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစံပြဆုပေးအပ်ပွဲနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက်ရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ဘူးသီးတောင်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးမှ အဖွင့်အမှာစကား ပြောကြားရာတွင် စံပြဆုရရှိသည့် ကျေးရွာများအား ဂုဏ်ယူပါကြောင်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက်ရေးဆွဲနည်းသင်တန်း တက်ရောက်မည့် သင်တန်းသား/သူများမှလည်း သင်တန်းမှပို့ချမည့်ဘာသာရပ်များအား ကြိုးစားသင်ယူစေလိုကြောင်း ပြောကြားသည်။
ထို့နောက်မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းလှိုင်မှ စံပြဆုရရှိသည့် ကျေးရွာများကဲ့သို့ ကျန်ကျေးရွာများမှလည်း ကြိုးစားကြစေလိုကြောင်း အသီးသီးပြောကြားပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက်ရေးဆွဲနည်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားကာ သင်ကြားပို့ချသည့် ဆရာများ၏ သင်ကြားမှုကို တိကျစွာလိုက်နာဆောင်ရွက်စေလိုကြောင်း၊ သင်တန်းချိန်အတွင်း အချိန်တိကျပြီး ဇွဲ၊လုံ့လ၊ဝီရိယဖြင့် ကြိုးစားသင်ယူစေလိုကြောင်း သင်တန်းသားများအား မှာကြားသည်။
ဆက်လက်၍ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်မှ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း စွမ်းဆောင်ရည်အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်ရရှိသည့် ဘူးသီးတောင်မြို့နယ် မြို့မစေတီးတောင်ကျေးရွာနှင့် ငကျဉ်တောက်ကျေးရွာမှ ကော်မတီဝင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာ၊ အင်ကြင်းမြိုင်ကျေးရွာ၊ ဂန္ဓာမာကျေးရွာ၊ သပြေတောကျေးရွာ၊ ယင်းမစျေးကျေးရွာ၊ တပ်ရာကျေးရွာ၊ အင်ချောင်းကျေးရွာ၊ ပြိန်းချောင်းကျေးရွာ၊ ဆင်စွယ်ရကျေးရွာ၊ လောင်းချောင်းကျေးရွာများမှ သင်တန်းသား/သူ(၄၀)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ စက်တင်ဘာလ(၁)ရက်နေ့မှ (၂)ရက်နေ့ထိ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီထိသင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းလှိုင်ထံမှ သိရသည်။
လှကျော် (ပြန်/ဆက်)