တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေး ရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်

တံတားဦး စက်တင်ဘာ ၁

တံတားဦခရိုင်၊ တံတားဦးမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းက တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာ ရွာဦး ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း၌ မြေပြင်ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ကျေးရွာပြည်သူ့လုံခြုံရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများကိုလည်းကောင်း၊ အဖွဲ့ဝင်ဗိုလ်မှူးသန်းနိုင်ဦးက နိုင်ငံတော်စီမံအုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် မြို့နယ်အတွင်း ပြည်သူများ လုံခြုံရေးများကိုလည်းကောင်း၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများမှ  ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သတ်သည့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆောင်ရွက်ပေးကြသည်။

ရဲတင့်