အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အေးနှင်းအောင် စုစည်းပြင်ဆင်ထုတ်ဝေသည့် "လှပသော စကားသုံးလုံးနှင့် ဘဝတိုးတက်ရေး လမ်းညွှန် ဆောင်းပါးတိုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

အမ်း စက်တင်ဘာ ၁

ရခိုင်ပြည်နယ်  အမ်းမြို့နယ်၌ စာပေမြတ်နိုးသူ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအား လူ့ဘဝ၌ နေ့စဉ်ကြုံတွေ့ရမည့် အတက်အကျ၊ အနိမ့်အမြင့်၊ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ယနေ့၊ နံနက်အချိန်က အေးနှင်းအောင် စုစည်းပြင်ဆင် ထုတ်ဝေသည့် လှပသော စကားသုံးလုံးနှင့် ဘဝတိုးတက်ရေး လမ်းညွှန်ဆောင်းပါးတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးစန်းဝင်းက စာဖတ်ဝိုင်းများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး စာရေးဆရာမ အေးနှင်းအောင် စုစည်းပြင်ဆင်ထုတ်ဝေသည့် လှပသော စကားသုံးလုံးနှင့် ဘဝတိုးတက်ရေး လမ်းညွှန်ဆောင်းပါးတိုများ စာအုပ်နှင့်ပတ်သက်၍ ယနေ့လူငယ်များသည် ယခင်ခေတ် ကာလများနှင့်မတူလောက်အောင် ပညာရေး၊ လူမှုရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လျက်ရှိသကဲ့သို့ လမ်းမှားသို့ ရောက်နိုင်ရန်လည်း လွယ်ကူသောကြောင့် လမ်းမှား သို့မရောက်အောင် ထိန်းသိမ်းနေထိုင်ကြရန် လူမှုရေးကဏ္ဍတွင် အကောင်းဆုံး စွမ်းဆောင်သူများ ဖြစ်နိုင်ကြရန် ရှေ့ဆောင်လမ်းပြ ဆောင်ရွက်ခြင်း စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် စာပေမြတ်နိုးသူ အလယ်တန်းအဆင့် ကျောင်းသား မောင်သူရိန်၊ ကျောင်းသူ မစန္နာဝင်းနှင့် တက်ရောက်လာသူ လူငယ်လေးများ ကိုယ်ပိုင် အသက် မွေးဝမ်းကျောင်းလုပ်ငန်း အစီစဉ် ချမှတ်ရေးဆွဲခြင်း၊ လူအများ တာဝန်ယူတတ်ရန် ကူညီပေးခြင်း ဆောင်းပါးတိုတွင်ပါရှိသည့် အကြောင်းအရာများအား ဆွေးနွေးပြီး သိရှိလိုသည်များ မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

စိုးမင်းထွန်း