ရေး စက်တင်ဘာ ၁
မွန်ပြည်နယ်၊ ရေးခရိုင်တွင် (၂၃ )ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ရေးခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စတင်ဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်းက အဖွင့်အမှာစကားပြောကြားရာ (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပွဲ၏ ဦးတည်ချက်များထဲမှ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့်စိတ်ဓာတ် ပိုမိုထွန်းကာလာစေရန် ရိုးရာယဉ်ကျေးမှု အနုပညာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များထံသို့ လက်ဆင့်ကမ်းပေးနိုင်ရေးအတွက် ယခုလို ရိုးရာယဉ်ကျေးမှု ပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ပြီး၊ ပါဝင်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်များအား အထူးပင်ကျေးဇူးတင်ကြောင်း ရှင်းလင်းပြောခဲ့သည်။
ထို့နောက် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ မွန်ရိုးရာအဆို၊ အကများနှင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဆက်လက်၍ ဝါသနာရှင်(ဒုတိယတန်း)အဆင့် တီးလုံးအကပြိင်ပွဲ(၁)ဦး၊ ဝါသနာရှင်(ပထမတန်း)အဆင့် ခေတ်ဟောင်းကာလပေါ်အဆိုပြိုင်ပွဲ(၂)ဦး၊ ဝါသနာရှင်(ဒုတိယတန်း)အဆင့် ခေတ်ဟောင်း ကာလပေါ်အဆိုပြိုင်ပွဲ(၁)ဦး၊ အရေးပြိုင်ပွဲ(၁)ဦး၊ မွန်ရိုးရာခေတ်ဟောင်းကာလပေါ် အဆိုပြိုင်ပွဲ(၁)ဦး၊ မွန်ရိုးရာအလွတ်တန်းယိမ်းအဖွဲ့ပြိုင်ပွဲ(၁)ဖွဲ့၊ မွန်ရိုးရာတပင်တိုင်အကပြိုင်ပွဲ(၁)ဦးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ ကြသည်။ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဂုဏ်ပြုငွေ (၅)သိန်းကျပ်၊ ဆန်(၄)အိတ်နှင့် ဆီ(၁၀)ပိဿာ စုစုပေါင်းတန်ဖိုးငွေကျပ် (၈၂၆၀၀၀/-)ကို ချီးမြှင့်ခဲ့သည်။
အဆိုပါ ခရိုင်အဆင့် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ်သဘင်အစည်းအရုံဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
(မြို့နယ်၊ ပြန်/ဆက်)