ကျောက်ပန်းတောင်း စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မွေးစမှ အသက် (၁) အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် (၈) နာရီမှစ၍ မြို့နယ်ပြည်သူ့ဆေးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို ပုံမှန်အားဖြင့် မွေးစမှ အသက်(၁)နှစ် အောက်ကလေးငယ်များအတွက် ထိုးနှံပေးခြင်းဖြစ်သော်လည်း၊ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံခြင်းမရှိသော (၂) အောက်ကလေးငယ်များကိုပါ လိုအပ်သည့် ကာကွယ် ဆေးများကို တိုက်ကျွေး/ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယခုထိုးနှံပေးသည့် ကာကွယ်ဆေးများမှာ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် သတ်မှတ်ကာကွယ်ဆေးများဖြစ်သည့် ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)နှင့် ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ(ဘီ)-ဦးဏှောက်အမြှေးရောင် အစရှိသည့် (၅) မျိုး စပ်ကာကွယ်ဆေးဖြစ်သည့် ထိုးဆေး/ သောက်ဆေး (အစက်ချ) တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို လစဉ် လဆန်း (၁) ရက်နှင့် (၂) ရက်နေ့များတွင် လည်းကောင်း၊ လလယ်ရက်များဖြစ်သည့် (၁၅) ရက်၊ (၁၆) ရက် နေ့များတွင်လည်းကောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ထူးမြတ်၏ ဦးဆောင်မှုဖြင့် ဆေးရုံတွင် ဆေးထိုးစုရပ် ဖွင့်လှစ်ထိုးနှံပေးနေခြင်းဖြစ်ကြောင်း သိရသည်။
နေအောင် (ပြန်/ဆက်)