မိုးညှင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၁၃၅,၂၂၁)ဧကထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးပြီးစီး

မိုးညှင်း စက်တင်ဘာ ၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ပျိုးရန်လျာထားဧက (၁၃၅,၂၂၁)ဧကရှိ၍ ဩဂုတ်လ နောက်ဆုံးပတ်တွင် မိုးစပါးစိုက်ပျိုးဧက (၁၃၆,၁၁၆)ဧကထိ လျာထားချက်ထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးညှင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါးလျာထားသည့် ဧက(၁၃၅,၂၂၁)ကို ဇွန်လ ပထမပတ်မှ စတင်စိုက်ပျိုးခဲ့ကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများ စားနပ်ရိက္ခာဖူလုံရေး၊ ဝင်ငွေများတိုးပွားလာစေရေး၊ စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးများကောင်းမွန်ပြီး ပြည်တွင်း ပြည်ပစျေးကွက်များတွင် တိုးချဲ့လာနိုင်စေရေးနှင့် စပါးစိုက်တောင်သူများ တစ်ဧကလျှင် စပါးတင်း(၁၀၀)ကျော် အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးနည်းပညာများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၀)ရှိ၍ ဒေသရေမြေနှင့် ကိုက်ညီသော အထွက်ကောင်း မျိုးသန့်စပါးဖြစ်သည့် ဆင်းဧကရီ-၃ မျိုးစပါးကို တောင်သူများက အများဆုံး ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အခြားစပါးမျိုးများဖြစ်သည့် ငွေတိုး၊ ကောက်ညှင်း စသည့် စပါးမျိုးများကိုလည်း စိုက်ပျိုးကြလျက်ရှိရာ တောင်သူများမှ အဓိကအားထား စိုက်ပျိုးလေ့ ရှိသော ဆင်းဧကရီ-၃ စပါးမျိုးကို (၁၂၉၄၁၀)ဧကထိ စိုက်ပျိုးထားရှိကြောင်း သိရသည်။

ဇွဲသူရအောင်(မိုးညှင်း)