ခရမ်းမြို့အတွင်း သာယာလှပစေရေး အရိပ်ရပန်းအလှပင်များစုပေါင်းစုပေါင်းစိုက်ပျိုး

ခရမ်း စက်တင်ဘာ ၁၄

ရန်ကုန်တောင်ပိုင်းခရိုင် ၊ခရမ်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် ခရမ်းမြို့(၃) ရပ်ကွက်(၁) လမ်း လမ်းဖြစ်မြောက်ရေးကော်မတီဝင်များ၊ လမ်းသူ/လမ်းသား ရပ်ကွက်နေ ပြည်သူများ ပူးပေါင်း၍ လမ်းဘေးဝဲယာတွင် အရိပ်ရ/လေကာပန်းအလှပင်များစုပေါင်းစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်က ခရမ်းမြို့ အမှတ်(၃)ရပ်ကွက်(၁) လမ်းတွင် ကျင်းပခဲ့သည်။

အဆိုပါ စုပေါင်း  ပန်းအလှသစ်ပင် စိုက်ပျိုးပွဲသို့ ခရမ်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ၊မြို့နယ်စည်ပင် သာယာရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ အမှတ်(၃)ရပ်ကွက် လမ်းဖြစ်မြောက်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လမ်းအတွင်းနေ ပြည်သူ/ပြည်သားများ ပူးပေါင်းပါဝင်၍ လမ်းဘေးဝဲ/ယာတွင် အရိပ်ရ/လေကာ/ပန်းအလှပင် ဖြစ်သည့် သပြေဘူတ ပျိုးပင်(၈၀)အားစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရှိရသည်။

အဆိုပါစိုက်ပျိုးသည့် သပြေဘူတအပင်အား မန္တလေးနှင့် မုံရွာမြို့များမှ မှာယူ ပျိုးထောင်ထားရှိ စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။

ကိုမင်း (ခရမ်း)