ရွှေကူ စက်တင်ဘာ ၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်နေအမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေ တိုးပွားရရှိစေရန် ရည်ရွယ်၍ အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၁ ရက် နံနက် ၁၀ နာရီခန့်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ယခုသင်တန်းသည် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်နေအမျိုးသမီးများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန် ဇူလိုင်လ ၂၂ ရက်နေ့မှ သြဂုတ်လ ၂၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အခြေခံစက်ချုပ်သင်တန်းကို တက်ရောက်ခဲ့ကြသူများအား ပိုမိုကျွမ်းကျင်သည့် အတတ်ပညာရှင်များ ဖြစ်လာစေရန် ရည်ရွယ်၍ အဆင့်မြင့်စက်ချုပ်သင်တန်းကို ဆက်လက်ဖွင့်လှစ်ပေးခြင်းဖြစ်၍ သင်တန်းသူများအနေဖြင့် သင်တန်းက သင်ကြားပေးသော အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိအသုံးချနိုင်ရန် ကြိုးစားသင်ယူစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်က အဆင့်မြင့်စက်ချုပ်သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ စက်ချုပ်သင်တန်းတွင် ဇူလိုင်လ ၂၂ ရက်နေ့မှ သြဂုတ်လ ၂၁ ရက်နေ့အထိ သင်ကြားပို့ချခဲ့သည့် အခြေခံစက်ချုပ်သင်တန်းသို့ တက်ရောက်ခဲ့သော ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူဦးရေ ၂၀ ဦးအား အဆင်မြင့် စက်ချုပ်နည်းပညာများကို ကျွမ်းကျင်နည်းပြတစ်ဦးက စာတွေ့လက်တွေ့ဖြင့် စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်ထံမှ သိရသည်။
ခင်ပပသိန်း(ပြန်/ဆက်)