မိုးကုတ်မြို့နယ်တွင် သွေးလွန်တုတ်ကွေး ရောဂါကာကွယ်နိုင်ရေးအတွက် ခြင်ဆေးဖြန်းခြင်းများဆောင်ရွက်

မိုးကုတ်  စက်တင်ဘာ ၁

မိုးကုတ်မြို့နယ် ကျန်းမာရေးဦးစီးဌာနဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အရံမီးသတ် တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြတ်စေတနာလူမှုကူညီရေးအသင်းတို့ စုပေါင်း၍ မြို့နယ်အတွင်း သွေးလွန်တုတ်ကွေးရောဂါကာကွယ်နိုင်ရေး ခြင်အန္တရာယ်ကင်းရှင်းရေးအတွက် ပိုးသတ် ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယခုကာလသည် မိုးကုတ်မြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားသူများ များပြားလျက်ရှိပြီး သွေးလွန်တုတ်ကွေးရောဂါသည် ခြင်မှတဆင့် လျှင်မြန်စွာ ကူးစက်စေသောကြောင့် မြို့နယ်အတွင်း သန့်ရှင်းရေးလုပ်ငန်းများနှင့်ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို အဆက်မပြတ်ဆောင်ရွက် နေရကြောင်းနှင့်ကျန်းမာသန့်ရှင်းသော ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ပေါ်စေရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်လည်း မိမိတို့ပတ်ဝန်းကျင်၊ရပ်ကွက်များတွင် ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်လိုပါက မြို့နယ်အရံမီးသတ်တပ်ဖွဲ့ရုံးများနှင့် မြတ်စေတနာလူမှု ကူညီရေးအသင်းရုံးများတွင် ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

ကျော်ဇေယျာမြင့်(မိုးကုတ်)