ကျိုင်းတုံမြို့၌ Gender/CEDAW/NSPAW နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ စက်တင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အဆင့် အမျိုးသမီးကော်မတီ၏  Gender/ CEDAW/ NSPAW နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်  ၁၃၂၅ အသိပညာပေးဆွေးနွေးပွဲကို စက်တင်ဘာ ၁ ရက် နံနက် ၉ နာရီက  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းက မြန်မာအမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး၊ ကျား/မ တန်းတူညီမျှမှုရရှိရေးနှင့် အမျိုးသမီးအား စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာဆိုင်ရာစသည့် ကဏ္ဍစုံ၊ နယ်ပယ်ပေါင်းစုံ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်လာစေရေး သက်ဆိုင်ရာဌာနများ၊ NGO အဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့် က Gender/CEDAW/NSPAW နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်  ၁၃၂၅ နှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပြီး ခရိုင်အမျိုးသမီးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက မြန်မာအမျိုးသမီးများဘဝရေရှည်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)