မောက်မယ် စက်တင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူး(၁)ဘာသာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မောက်မယ်အခြေခံပညာအထက်တန်းကျောင်း၊ နှင်းဆီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသား/ကျောင်းသူများက “ ဘက်စုံပညာကိုရည်တို့လှမ်းချီ ” သီချင်းဖြင့်အခမ်းအနားဖွင့်လှစ်ကာ မောက်မယ်မြို့နယ် ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ်က ၂၀၂၂−၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွင်း ကျောင်းလုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူး(၁)ဘာသာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က လည်းကောင်းဂုဏ်ထူးဖြင့် ထူးချွန်အောင်မြင်အောင် သင်ကြားပေးသောဆရာမများကို မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ်က ဂုဏ်ပြုလက်မှတ်နှင့်ဆုများချီးမြှင့်ခဲ့ပြီး Grade-10 ကျောင်းသူလေးများက “ထာဝရမြန်မာ” သီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားပြီးမြောက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)