နမ္မတူ စက်တင်ဘာ ၁
စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာနတ်သျှင်(ရွှေဂူ)၏ “အနာဂတ်ကို မျှော်တွေးပါ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ရှေ့ဦးစွာ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက စာအုပ်တစ်အုပ်ရဲ့အပေါ်မှာ တစ်ဦးနှင့်တစ်ဦးမတူညီတဲ့ အတွေးအမြင်သစ်တွေ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတလေးတွေကို တစ်ဦးနှင့်တစ်ဦး မျှဝေနိုင်ရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိကာ စာအုပ်စာပေကောင်းများ လေ့လာရှာမှီးတတ်စေရန်ရည်ရွယ်၍ စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာရေးဆရာနတ်သျှင် (ရွှေဂူ)၏“အနာဂတ်ကို မျှော်တွေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပရာ (Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်အောင်က“အနာဂတ်ကို မျှော်တွေးပါ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး၊ အဖွဲ့ဝင်ဦးစိုင်းခွန်ဖက “မခမ်းနားပေမဲ့ ကမ္ဘာကျော်တဲ့ စာသင်ခန်း” ခေါင်းစဉ်ပါအကြောင်းအရာများအားလည်းကောင်း၊ (Woman Club)အဖွဲ့ ဥက္ကဋ္ဌ ဒေါ်စမ်းသွင်က “ကျေးဇူးတင်တတ်ဖို့ လိုပါတယ်”၊ အဖွဲ့ဝင် ဒေါ်သိန်းသိန်းဝင်းက “ဗီဇအကျင့်ဆိုးကို တာဆီးပေးပါ” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့်လည်းကောင်းအသီးသီး ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲသို့ အမှတ် (၃)အခြေခံပညာမူလတန်းလွန်ကျောင်းမှ (Grade-6) (Grade-7) ကျောင်းသားကျောင်းသူများ (၁၉)ဦးခန့်လေ့လာသူအဖြစ် တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအား မေးမြန်ဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ယခုလို စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စာအုပ်စာပေဝါသနာပါသူ (Club)အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ လစဉ် စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။
လူမော် (ပြန်/ဆက်)