အင်တော စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအထောက်အကူ ပြုနိုင်ရေးအတွက် မီးသတ် ဦးစီးဌာနမှ ညမထွက်ရ အမိန့်အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့လိုက်လံနှိုးဆော်ရာတွင် အင်တောမြို့ မီးသတ်ဦးစီးဌာန တာဝန်ခံဦးဝင်းမောင်နှင့် တပ်ဖွဲ့ဝင်များက မြို့ပေါ်(၆)ရပ်ကွက်အတွင်း ည (၁၂:၀၀) မှ နောက်တစ်နေ့ နံနက် (၀၄:၀၀) နာရီ အချိန်ထိ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ စုဝေးခြင်းမပြုကြရန်၊ မဖြစ်မနေ သွားရောက်ရန် လိုအပ်ပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားရန် ညမထွက်ရ အမိန့်အား ပြည်သူများ သိရှိ လိုက်နာ နိုင်စေရန် မီးသတ်ယာဉ်များဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခဲ့ပြီး ညမထွက်ရ အမိန့်ဖောက်ဖျက် ကျူးလွန်ပါက ပြစ်မှုဆိုင်ရာ တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ၎င်း ညမထွက်ရ အမိန့်သည် အများပြည်သူ အကျိုးငှာ ထုတ်ပြန်ထားခြင်းဖြစ်၍ ပြည်သူများ အနေဖြင့် တိကျစွာလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း သိရှိရသည်။
အောင်ခိုင် (အင်တော ပြန်/ဆက်)