မိုင်းယုမြို့၌ ရိုးရာဓလေ့ ဝေဿန္တရာဇာတ်တော်ခင်းပွဲ(တန်းဌာန်း)ပွဲတော် ကျင်းပ

မိုင်းယု စက်တင်ဘာ ၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ဒေသခံရှမ်းရိုးရာဓလေ့ ဝေဿန္တရာဇာတ်တော်(တန်းဌာန်း)ပွဲတော်ကို တော်သလင်းဆန်းပိုင်း တစ်ရက်နေ့မှစ၍ လပြည့်ကျော်နေ့အထိ သတ်မှတ်ရက်များအလိုက် ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျဖြင့် ဘုန်းကြီးကျောင်းများ၌ ကျင်းပပြုလုပ်ကြပြီး ယနေ့တွင်မြို့မရပ်ကွက်ရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့မှ အလှည့်ကျကာပွဲတော်ကို ကျင်းပပြုလုပ်နေလျက်ရှိသည်။

အဆိုပါ ရိုးရာပွဲကို မိုင်းယုမြို့ဒေသတွင်းရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့သည် တစ်နှစ်တာအတွင်း သေဆုံးသူမိဘဘိုးဘွားများအား ရည်မှန်း၍ နောင်ဘဝတွင် ပြည့်စုံကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် ဝေဿန္တရာဇာတ်တော်ခင်းပွဲ(တန်းဌာန်း)ပွဲတော်ကို နှစ်စဉ်တော်သလင်းဆန်းပိုင်း တစ်ရက်နေ့မှစ၍ လပြည့်ကျော်နေ့အထိသာ ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျဖြင့်ကျင်းပလေ့ရှိကြောင်း သိရသည်။

ယင်းပွဲတော်ကို ယခင်နှစ်ကအလှူပြုသူ(သေဆုံးသူမိသားစုဝင်)များမှ အိမ်တွင်လည်းကောင်း၊ ဘုန်းကြီးကျောင်းတွင်လည်းကောင်းစုပေါင်း၍ အကျွေးအမွေးဖြင့် ဧည့်ခံလှူဒါန်းခြင်း၊ ဘုန်းတော်ကြီးကျောင်း၌ ဝေဿန္တရာပါဠိတရားတော်များကို ပွဲတော်ပြီးမြှောက်သည်အထိ ရွတ်ဖတ်ပူဇော်ခြင်း၊ ဘုရားကျောင်းပုံစံအိမ်ငယ်များ၊ ဓမ္မရုံပုံစံငယ်များ၊ ဇရပ်ပုံစံငယ်များ၊ အိမ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုး၊ ရှမ်းရိုးရာဝတ်စုံအမျိုးမျိုးတို့ဖြင့် ပြုလုပ်ဆက်ကပ်လှူဒါန်းခြင်း၊ တရားနားကြားသူများမှ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ပုံးငယ်အတွင်းထည့်ကာ သံဃာတော်အား ဆက်ကပ်လှူဒါန်းပေးခြင်း၊ တရားဘာဝနာအားထုတ်ခြင်းတို့ဖြင့် ကုသိုလ်ပြုလုပ်ကျင်းပပြီး အဆိုပါရိုးရာဓလေ့ ဝေဿန္တရာဇာတ်တော်ခင်းပွဲ (တန်းဌာန်းပွဲတော်)မှာ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ နှစ်စဉ်တစ်နှစ်တာအတွင်း သေဆုံးသူ မိဘဘိုးဘွားများအားရည်စူးကာ ကုသိုလ်အဖြစ် အလှူပြုပေးရသည့် ရိုးရာဓလေ့ပွဲတစ်ခုဖြစ်ကြောင်း ပြောသည်။

ကိုကိုနိုင်