ကျောက်ဆည်မြို့နယ်တွင် ခရမ်းချဉ်စိုက်တောင်သူများ ဈေးကောင်းရသဖြင့် မိသားစုများအဆင်ပြေ

ကျောက်ဆည် စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရမ်းချဉ်စိုက်တောင်သူများ ဈေးကောင်းရသဖြင့် မိသားစုအဆင်ပြေလျက်ရှိကြောင်းနှင့် ခရမ်းချဉ်သီးနှံသည် စတင်ပျိုးထောင်သည့်အချိန်မှစတင်ပြီး ပြောင်းရွေ့စိုက်ပျိုးခူးဆွတ်ရောင်းချချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ကြောင်း၊ မြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ပေါင်းရှင်းခြင်း၊ ရေသွင်းခြင်း၊ အပင်အားတိုး ဆေးနှင့် ပိုးမွှားကာကွယ်နှိမ်နင်းဆေးများ ဖျန်းပေးရကြောင်းသိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် စီးပွားဖြစ်ခရမ်းချဉ်သီးနှံစိုက်ပျိုးရာ၌ ပံတစ်ဆိပ်တစ်သုံးလုံးခရမ်းချဉ် မျိုးများ စိုက်ပျိုးကြကြောင်း၊ ပံတံဆိပ်တစ်သုံးလုံးခရမ်းချဉ်မျိုးသည် တိုင်ထောင်စိုက်ပျိုးရသော အခွံထူအထားခံ ခရမ်းချဉ်မျိုးဖြစ်ပြီး စိုက်ပျိုးမည်ဆိုပါက သဘာဝမြေဩဇာများဖြစ်သည့် နွားချေး (သိုမဟုတ်) ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေကိုထယ်ရေးညက်စွာ ပြုပြင်ထားရကြောင်း ရေသွင်းရေထုတ်ကောင်းမွန်စေရန်အတွက် ဘောင်များပြုလုပ်ကာ ရေအလေအလွင့်နည်းပါးစေရန်နှင့် ပေါင်း မြက်ပင်များ ပေါက်ရောက်မှု သက်သာစေရန်အတွက် ပလပ်စတစ်အပါးများခင်း၍ စိုက်ပျိုးပါက အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးအထွက်နှုန်း ကောင်းမွန်ကြောင်း ရှားပင်ကျေးရွာမှ ခရမ်းချဉ်စိုက တောင်သူ ဦးအောင်ကျော်မိုးက ပြောပြသည်။

ပံတံဆိပ်တစ်သုံးလုံးခရမ်းချဉ်မျိုး (၂) ထုပ် စိုက်ပျိုးပါကငွေကျပ် (၁၁) သိန်းခန့်ကုန်ကျကြောင်း ပျိုးထောင်ပြောင်းရွေ့စိုက်ပျိုးပြီး (၄၅) ရက်တွင် အသီးများစတင်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ် ရာတွင် ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင် (၁၅၀) ပိဿာအထိ ခူးဆွတ်ရကြောင်း၊ (၂) ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး ရောင်းဈေးအနေဖြင့် ခရမ်းချဉ်တစ်ပိဿာ ငွေကျပ် (၁၅၀၀) ကျပ် ရောင်းရသဖြင့် ခရမ်းချဉ်စိုက်တောင်သူအနေဖြင့် နေ့စဉ်နီးပါး ဝင်ငွေရကာ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ဦးအောင်ကျော်မိုးက ဆက်လက် ပြောပြသည်။

သက်မောင် (ကျောက်ဆည်)