ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသ

မောင်တော  စက်တင်ဘာ ၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံးကြီးရှိ ဝန်ထမ်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်သတ်ရေး သရုပ်ပြသခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြည်သူ့ဆေးရုံးကြီးရှိ ဝန်ထမ်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက်  မီးကို  စနစ်တကျ အသုံးပြုစေရေး၊  လျှပ်စစ်မီးအသုံးပြုသူများ အနေဖြင့် မိမိတို့ ဆေးရုံရှိ လျှပ်စစ်ဝါယာ ကြိုးများပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက် ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ် ဝန်ထမ်းများဖြင့်လဲ လှယ်တပ်ဆင် အသုံးပြုစေရေး၊ မီးသတ်ဆေးဘူး၊ မီးသတ် ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများ ဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း စသည့်တို့အား အသိပညာပေး ဟောပြောပြီး မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံးကြီးရှိ ဝန်ထမ်းများအား ရှေးဦးမီးသတ်ဆေးဘူးဖြင့် ဆီမီးငြှိမ်းသတ်မှုပြသခြင်း၊ အဝတ်စိုဖြင့် ဖုံးအုပ်မီးငြိမ်းသတ်စေရေး စသည့်တို့ကို လက်တွေ့ လေ့ကျင့်စေခြင်းများအား ဆောင်ရွက်စေခဲ့ကြကြောင်း သိရသည်။  အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုများ စုစုပေါင်းအင်အား (၁၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင်ပြန်/ဆက်)