ဆိပ်ကြီးခနောင်တို ဩဂုတ် ၃၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးရည်ရွယ်၍ ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်း အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁၆)အခြေခံပညာမူလတန်းကျောင်းတို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင်ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အဆိုပါအမှတ်(၁၅)နှင့် အမှတ်(၁၆)အခြေခံပညာမူလတန်းကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူကလေးများအား ကျန်းမာရေးအခြေခံစနစ်တကျလက်ဆေးနည်း လက်တွေ့ပြသပေးခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းတို့မှ ကာကွယ်ရန်နည်းလမ်းများ၊ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ကျောင်းသားတစ်ဦးချင်းစီအလိုက် တစ်ကိုယ်ရေကျန်းမာရေးစစ်ဆေး ကုသပေးခြင်းအပြင် သန်ချဆေးများ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)