ဟိုပန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အမျိုးသမီးကော်မတီအစည်းအဝေး ကျင်းပ

ဟိုပန် ဩဂုတ် ၃၁

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်/မြို့နယ်အဆင့် အမျိုးသမီးကော်မတီအစည်းအဝေးအား ယနေ့နံနက်(၉)နာရီက ဟိုပန်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဟိုပန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ ဟိုပန်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြကေခိုင်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဖွဲ့စည်းထားရှိမှုအခြေအနေနှင့်ကော်မတီ၏ လုပ်ငန်းတာဝန်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။

ဆက်လက်၍  ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်ဦးက အမျိုးသမီးများ လူကုန်ကူးမှုနှင့်အကြမ်းဖက်မှုဆိုင်ရာဖြစ်စဉ်များကိုလည်းကောင်း၊ ၎င်းဖြစ်စဉ်များ ဖြစ်ပွားမှုမဖြစ်စေရေး ကြိုတင်တားဆီးကာကွယ်ရေးလုပ်ငန်းများကို ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်အဖွဲ့များအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေမိုးအေးက အကြမ်းဖက်ခံရသည့် အမျိုးသမီးများ၏ ဖြစ်စဉ်အကြောင်းများနှင့် အမျိုးသမီးငယ်ရွယ်သူများ တစ်ခြားတိုင်းတစ်ပါးသို့ သွားရောက်အလုပ်လုပ်ကိုင်မှုလျော့နည်းစေရန် အသက်မွေးဝမ်းကြောင်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြား နိုင်ရေးကိစ္စရပ်များကို လည်းကောင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဟောပြောပွဲ၊ ဆွေးနွေးပွဲများကို ရပ်ကွက်၊ ကျေးရွာများနှင့်စာသင်ကျောင်းများအား အဓိကထား၍ သက်ဆိုင်ရာအဖွဲ့​များနှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း စသည့်တို့ကို အသီးသီးဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက်  ဟိုပန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌက ကော်မတီဝင်များ၏ ကဏ္ဍအလိုက် တင်ပြချက်များအား  ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။

ဇင်ဇင်(ပြန်/ဆက်)