တန့်ယန်း သြဂုတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ထူးချွန်သော ဘာသာရေးဆိုင်ရာ ခေါင်းဆောင်ဆု ရရှိခဲ့သော တောင်တန်းသာသနာပြု ဆရာတော် ဘဒ္ဒန္တသုခမိန္ဒ (အဂ္ဂမဟာကမ္မဌာနာစရိယ)နှင့် ဘာသာရေးဆိုင်ရာ လူမှုထူးချွန်းဆုရရှိခဲ့သော ဒေါ်နန်းကြည်ကြည်သိန်းတို့အား ကြိုဆိုဂုဏ်ပြုပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကြိုဆိုဂုဏ်ပြုပူဇော်ပွဲတွင် ထူးချွန်သော ဘာသာရေးဆိုင်ရာ ခေါင်းဆောင်ဆုရရှိခဲ့သော တောင်တန်းသာသနာပြု ဆရာတော်ဘဒ္ဒန္တသုခမိန္ဒ (အဂ္ဂမဟာကမ္မဌာနာစရိယ)နှင့် ဘာသာရေးဆိုင်ရာ လူမှုထူးချွန်းဆုရရှိခဲ့သော ဒေါ်နန်းကြည်ကြည်သိန်း တို့အား နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်းနှင့် အရာရှိကြီးများ၊ တန့်ယန်းခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် ခရိုင်အဆင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တပည့်ဒါယကာ ဒါယိကာမများတို့က မြကန်သာပန်းခြံရှေ့မှစတင်၍ မဟာမြတ်မုနိဘုရားကြီးသို့ ကြိုဆိုပင့်ဆောင်ခဲ့ကြကာ မဟာမြတ်မုနိဘုရားကြီးအတွင်း၌ ဂုဏပူဇာဂုဏ်ပြုပူဇော်ပွဲကို ဘာသာရေးထုံးစံများနှင့် အညီ ကျင်းပခဲ့သည်။
တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ) ရရှိသည့် ထူးချွန်သော ဘာသာရေးဆိုင်ရာ ခေါင်းဆောင်ဆုနှင့် နန်းကြည်ကြည်သိန်း ရရှိခဲ့သော ဘာသာရေးဆိုင်ရာ လူမှုထူးချွန်းဆုတို့အား (၁၄) ကြိမ်မြောက်အဖြစ် စင်္ကာပူနိုင်ငံ၌ သြဂုတ်လ ၂၆ ရက်မှ ၂၈ ရက်နေ့ထိ ကျင်းပပြုလုပ်သည့် ဆုချီးမြှင့်ပေးအပ်ပွဲမှ ဆက်ကပ်ချီးမြှင့်ခံခဲ့ရသည့် ဆုဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)