တကောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

တကောင်း ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် ကင်ဆာရောဂါနှင့် အစားအစာများဆောင်းပါးအား ယနေ့နံနက် (၁၁)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သီရိအောင်က လူငယ်လူရွယ်များအနေဖြင့် စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ မိမိတို့ ဖတ်ရှုလေ့လာထားသည့် စာပေများအား ပြန်လည်မျှဝေတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် လေ့အကျင့်များရရှိစေရန် စသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးတင်ထွန်းအောင်နှင့် ဦးကျော်သူဟိန်းတို့က စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် ကင်ဆာရောဂါနှင့် အစားအစာများ ဆောင်းပါးအားဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

သီရိအောင်(တကောင်း)