ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဂွ သြဂုတ် ၃၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းက ပန်းခင်းစီမံချက် (ဒုတိယအကြိမ်) ဆောင်ရွက်နိုင်မှု၊ အခွန်(၄)မျိုးအား ရာနှုန်းပြည့်စည်းကြပ်ကောက်ခံနိုင်ရေးနှင့် အခွန်ထမ်းဆောင်မည့်သူသည် သက်ဆိုင်ရာ ရပ်/ကျေး စာရေးများနှင့် ပူးပေါင်းပြီး အခွန်များပေးသွင်းကြစေရေး၊ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးရာတွင် ထိုးနှံသူများ ကျန်ရှိမှုမရှိစေရေးနှင့် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး၊ နိုင်ငံ့ဝန်ထမ်း/ မိသားစုဝင်များလည်း ကိုဗစ်ကာကွယ်ဆေးကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံဆောင်ရွက်ကြစေရေး၊ ဌာနဆိုင်ရာများ အနေဖြင့် ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား အချိန်မီပေးပို့ဆောင်ရွက်စေရေးတို့အား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ဌာဆိုင်ရာများက မိမိတို့၏သက်ဆိုင်ရာ ဌာနလုပ်ငန်းအခြေအနေများနှင့် ရပ်ကွက်/ ကျေးရွာများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက ၎င်းတို့၏သက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်