ဥတ္တရသီရိ ဩဂုတ်၃၁
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးကစာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဥတ္တရခရိုင်စာအုပ်စာစောင်များ ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ စာရေးဆရာမရဿဝတီမေနန်းက လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)က လူသားတိုင်းလိုက်နာရမည့် ကျင့်ဝတ်ငါးဖြာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ရဲမွန်ကျော်က လူငယ်နှင့်မျိုးချစ်စိတ်ဓာတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ ဒီဇိုင်နာချယ်ရီက ကိုယ်ကျင့်တရားနှင့် အသိဉာဏ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ နွေဦးကိုကိုက မျိုးချစ်စိတ်နှင့် လူငယ်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင်လူငယ်များ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ရေးရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတန်းများ၊ တွေးခေါ်စဉ်းစားပြီး စည်းလုံးညီညွတ်စွာနေထိုင်၍ ကိုယ်ကျင့်တရားကောင်းမွန်ရေး စသည်တို့ကိုဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့်စာပေဝါသနာရှင်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူဝါသနာရှင်များနှင့် ခေတ်ရှေ့ဆောင် (ကိုယ်ပိုင်အလယ်တန်း) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကျောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)