လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose များထိုးနှံပေး

လားရှိုး ဩဂုတ်၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား Booster Dose ထိုးနှံရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသော လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိအုပ်ချုပ်ရေးမှူးများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

ထိုသို့ထိုးနှံရာတွင် လားရှိုးမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများက လားရှိုးမြို့ပေါ်ရပ်ကွက်(၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၈၇)အုပ်စုမှ အုပ်ချုပ်ရေးမှူးများအား စတုတ္ထအကြိမ် Booster Dose ထိုးနှံပေးခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ လူနာအသစ်တွေ့ရှိမှု မြှင့်တက်လာခြင်းနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း SARA-COV-2 Variant Omicron (အိုမီခရွန်) BA-4 ၊ BA-5 ရောဂါပိုးများ လျင်မြန်စွာကူးစက်ပြန့်ပွားနေခြင်းတို့ကြောင့် လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာအသိပညာပေးခြင်း၊ Mask Campaign များဆောင်ရွက်ခြင်း စသည့်အသိပညာပေးလုပ်ငန်းများအား သက်ဆိုင်ရာဌာနဆိုင်ရာများ၊  ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး