မြစ်ကြီးနား သြဂုတ် ၃၁
ကချင်ပြည်နယ်အတွင်း ကန်ပိုက်တီနယ်စပ်ဂိတ်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှ တစ်ဆင့် မြန်မာ-တရုတ် ကုန်စည်စီးဆင်းရာတွင် သီးနှံတင်မော်တော်ယာဉ်များ စနစ်တကျဖြင့် စိစစ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကချင်ပြည်နယ် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင် ရေးလုပ်ငန်း ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နယ်စပ်ဂိတ်များမှ တစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ မကြာမီကာလအတွင်း စိုက်ပျိုးရေးထုတ်ကုန် တစ်သျှူးငှက်ပျောနှင့် အခြားသီးနှံများ ကုန်စည်တင်/ပို့နိုင်ရေး လုပ်ငန်းများ စတင်တော့မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကုန်စည် တင်ပို့မည့်မော်တော်ယာဉ်များအား စနစ် တကျစိစစ်ဆောင်ရွက်သွားရေး၊ ဒေသခံလုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေး၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများနှင့် အညီ စည်းကမ်းတကျ လိုက်နာဆောင်ရွက်ရေး၊ ကြိုတင်ပြင်ဆင်ညှိနှိုင်း ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ကြရေး၊ နိုင်ငံတော်အခွန်ငွေ အပြည့်အဝရရှိရေးတို့အတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက နှစ်နိုင်ငံကုန်စည် တင်ပို့မှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများ၊ ယခုနှစ်အတွက် ကုန်စည်ပို့ဆောင်ရေးတင်ပြလာသည့် မော်တော်ယာဉ် အရေအတွက်ပေါ် ခွင့်ပြုနိုင်ပေးနိုင်ရေးစသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြပြီး လုပ်ငန်း ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်း၊ ပြည်နယ်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများ အသင်း၊ ကချင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများက နှစ်နိုင်ငံ ကုန်စည်စီးဆင်းရာတွင် သီးနှံတင်ပို့မှုများနှင့် စပ်လျဉ်း၍ ညှိနှိုင်း ဆောင်ရွက်ခဲ့မှုများ၊ မော်တော်ယာဉ်များ တစ်နေရာထဲတွင် စနစ်တကျ စိစစ်နိုင်ရေး စီမံဆောင်ရွက်သွားမည့် အစီအမံများနှင့် တစ်သျှူး ငှက်ပျောအပြင် တခြားသီးနှံထုတ်ကုန်များကို နယ်စပ်ဂိတ်များ တစ်ဆင့် တင်/ပို့ ဆောင်ရွက်ရာတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ယာဉ်မောင်း/ယာဉ်နောက်လိုက်များကို စစ်ဆေး ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ယခင်နှစ်များမှ တွေ့ကြုံခဲ့ရသည့် အခက်အခဲများ၊ လိုအပ်ချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြကြပြီး နှစ်နိုင်ငံညှိနှိုင်းပေါင်းစပ်ပေးရမည့်ကိစ္စရပ်များ ကိုဆွေးနွေးတင်ပြခဲ့ကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နှစ်နိုင်ငံကုန်စည်စီးဆင်းရာတွင် မျှမျှတတဖြင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာပြီး ကိုဗစ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ မော်တော်ယာဉ်များ စနစ်တကျဖြင့် စိစစ်သွားရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့သည် မြစ်ကြီးနားပြည်သူ့ဆေးရုံ၌ လက်နက်ငယ်ဖြင့် ပစ်ခတ် ခံရမှုကြောင့် လက်မောင်းသေနတ်မှန်ဒဏ်ရာဖြင့် ဆေးဝါးကုသမှုခံယူ နေသော ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ ယာဉ်မောင်းဝန်ထမ်းအား ပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့ငွေကျပ် ၅ သိန်း၊ ပြည်နယ် ဝန်ကြီးများက တစ်ဦးလျှင် ၁ သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၈ သိန်းနှင့် ခတ်ချိုကျေးရွာမှ မိုင်းထိဒဏ်ရာ ရရှိသော အမျိုးသမီးအား ပြည်နယ်ဝန်ကြီးများက စုစုပေါင်းထောက်ပံ့ငွေကျပ် ၄ သိန်းကို ထောက်ပံ့ပေးအပ် ခဲ့ကြပြီး အားပေးခဲ့ကြပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)