ကျောက်ဆည်မြို့နယ်၌ စိုက်ပျိုးထားသော နေကြာသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိုးသီးနှံအဖြစ် စားသုံးဆီဖူလုံပိုလျှံစေရေး မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ စိုက်ပျိုးထားရှိရာ အနောက်ငါးဆူကျေးရွာ၌ စိုက်ပျိုးထားရှိသော နေကြာသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေး မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးပေးလျက်ရှိပြီး နည်းပညာများ ကူညီပေးလျက်ရှိကြောင်းနှင့် နေကြာသီးနှံသည် သက်တမ်းအားဖြင့် (၃)လဝန်ကျင်ကြာမြင့်၍ တစ်ဧကတင်း ၂၀ မှ ၃၄ တင်းအထိထွက်ကာ ဆီကြိတ်ရာတွင် မျိုးစေ့အောင်မြင်မှုအပေါ်မူတည်ပြီး ဆီ(၄)ပိသာမှ (၆)ပိသာအထိထွက်ရှိကြောင်းနှင့် ဆီကြိတ်ရာမှထွက်ရှိလာသော နေကြာဖတ်များအား ရေစိမ်၍ တိရိစ္ဆာန်အစာနှင့် လယ်ယာမြေများတွင် မြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ကြောင်း အနောက်ငါးဆူကျေးရွာမှ နေကြာစိုက်တောင်သူ ဦးမောင်စိုးကပြောပြ၍ သိရသည်။

ကျောက်ဆည်မြို့နယ်၌ နေကြာသီးနှံများစိုက်ပျိုးရာတွင် ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတော၊ ဘုံကွင်း၊ စင်းကွန်း၊ ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ ငါးဆူ၊ ရှားပင် ကျေးရွာအုပ်စုများတွင် (၁၀၃၂)ဧက၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း ကျေးရွာအုပ်စုများတွင် (၆၄)ဧက၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း၊ အရှေ့ငယ်တိုး၊ ရွှေဒါး၊ ရဲဘော်ကြီး၊ ရဲယမန်း ကျေးရွာအုပ်စုများတွင် (၁၈၀၈)ဧက၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက်ကုန်း၊ ဆူးလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်းကျေးရွာအုပ်စုများတွင် (၂၉၃)ဧကစိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)