မိုးညှင်း ဩဂုတ် ၃၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၁၆)ရက်နေ့မှ စတင်ထုတ်ချေးပေးခဲ့ရာ ယနေ့ထိ ချေးငွေ ကျပ် (၃၂၄၃၄၅၀၀၀၀) ကို ထုတ်ချေးပေးနိုင်ခဲ့သည်။
မိုးညှင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲအနေဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခဲ့ရာတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၂)အုပ်စု၊ တောင်သူ (၂၉၅၇)ဦး၊ မိုးစပါးစိုက်ပျိုးဧက (၂၁၆၂၃) အတွက် ချေးငွေကျပ် (၃၂၄၃၄၅၀၀၀၀)ကို အတိုးနှုန်း သက်သာစွာဖြင့် မိုးစပါး စိုက်ပျိုးချေးငွေများကို ထုတ်ချေးပေးခဲ့ပြီး ယခင်ချေးငွေများ ပြေကျေစွာ ပေးဆပ်လာသူတောင်သူများ အား ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလ ကုန်အထိ ဆက်လက်ထုတ်ချေးပေးမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ မန်နေဂျာ ဦးအောင်နိုင်ထံမှ သိရသည်။
ဇွဲသူရအောင်(မိုးညှင်း)