ချမ်းမြသာစည်မြို့နယ်အတွင်း ရပ်ကွက်များအလိုက် ရပ်မိရပ်ဖများ၊ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်

ချမ်းမြသာစည် ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများနှင့်အတူ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကို မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီတွင် မြို့သစ်(၁) ရပ်ကွက်၊ အောင်မြေရွှေဘုံသာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တွေ့ဆုံဆွေးနွေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဝေဖြိုးအောင်၊ အဖွဲ့ဝင်(၂) ဦးဇော်ဝင်း၊မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးဇော်ဝင်းကျော်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်အောင်၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးခင်ဇော်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့် ဌာနဆိုင်ရာများမှ ရပ်ကွက်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်အဖွဲ့စည်းများနှင့် ပတ်သက်ဆက်နွယ်မှုမရှိစေရေး၊ နိုင်ငံသားမှတ်ပုံတင်ကတ်များနှင့် အိမ်ထောင်စုဇယားများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ ကိုဗစ်ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ဖွား/သေကိစ္စရပ်များဆောင်ရွက်နိုင်ရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေနေများ စသည့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား အသီးသီးရှင်းလင်းဆွေးနွေးပြောကြားခဲ့ ပြီးနောက် တက်ရောက်လာကြသည့် ပြည်သူများ၏ သိရှိလိုသည့် မေးမြန်းမှုများအား သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ဆက်လက်ပြီး နေ့လယ်ပိုင်းတွင် မြို့သစ်(၂)ရပ်ကွက်၊ ရပ်ကွက်ဓမ္မာရုံ၊ မြို့သစ်(၃)ရပ်ကွက်၊ ရပ်ကွက်ဓမ္မာရုံများတွင် ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံပွဲများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

ခင်စိမ်းဝင်း