ပထမအကြိမ် ဖရဲသီးပြိုင်ပွဲကျင်းပ

ချမ်းအေးသာစံ သြဂုတ် ၃၁

ပထမအကြိမ် ဖရဲသီးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၈၆ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ ပရိယတ္တိသာသနာ့ဟိတအသင်းဝင်းအတွင်း ရွှေမြင်းတန်ဆောင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိုင်းမန်နေဂျာ ဦးမင်းကြည်မှ အဖွင့်အမှာစကားပြောကြားပြီး Known You Seed Myanmar Company မှ Marketing Staff မအေးချမ်းမြေ့မြတ်ကျော်မှ Company ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် မျိုးသစ်များအကြောင်းကိုလည်းကောင်း၊ ဦးသော်ဇင်ဖြိုးမှ ပျိုးထောင်ခြင်းနည်းပညာအစီအစဉ်အားလည်းကောင်း အသီးသီးမိတ်ဆက်ရှင်းလင်းပြောကြား၍ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မင်းမင်းသွင်နှင့် ဖရဲပွဲစားဦးဝင်းမောင်တို့မှ အမှာစကားအသီးသီးပြောကြားခဲ့သည်။

ထို့နောက် ဖရဲပညာရှင်များမှ ပြိုင်ပွဲဝင်များ၏ ဖရဲသီးများအား အလုံးကြီးထွားမှု၊ အချိုဓာတ်ပါဝင်မှု၊ အရောင်အသွေးလှပမှု စသည့် အမှတ်ပေးစည်းမျဉ်းများအတိုင်း အကဲဖြတ်အမှတ်ပေးပြီး တာဝန်ရှိသူများမှ ပထမဆုရ ဦးအောင်ကျော်ကျော်(နေပြည်တော် တပ်ကုန်း) အပါအဝင်ဆုရရှိသူ ၇ ဦးအား ဆုကြေးငွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိုင်းမန်နေဂျာ ဦးမင်းကြည်၊ မျိုးစေ့ဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မင်းမင်းသွင်တို့နှင့် တာဝန်ရှိသူများ၊ Known You Seed Myanmar Company မှ Marketing များဖြစ်သည့် ဦးသော်ဇင်ဖြိုး၊ ဒေါ်အေးချမ်းမြေ့မြတ်ကျော်တို့နှင့် တာဝန်ရှိသူများ၊ ဖရဲစိုက်ပျိုးထုတ်လုပ်သူများ၊ အခြားဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ၊ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်