သီပေါ ဩဂုတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အစည်းအဝေးကို တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းလိုအပ်ချက်များကို ကဏ္ဍအလိုက် အသီးသီးပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကြရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ အစည်းအဝေးကို လစဉ်(၁၅)ရက်နေ့တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တစ်ကြိမ်၊ လစဉ်လကုန်ရက်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တစ်ကြိမ်တစ်လလျှင်(၂)ကြိမ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်ရှိပါက လစဉ်ဌာနဆိုင်ရာများနှင့် ပြုလုပ်သည့်(၁၅)ရက်နေ့ အစည်းအဝေးတွင်တက်ရောက်တင်ပြနိုင်ပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းမှ မိမိတို့မြို့ရွာအတွင်း လောင်းကစားနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများမရှိစေရေး အလေးထားဆောင်ရွက်ကြရန်၊ ဥပဒေနည်းဥပဒေစာအုပ်များအား ဖတ်မှတ်လေ့လာကြရန်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်ရေးနှိုးဆော်အသိပေးဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပြီးနောက် ဒုတိယဦးစီးမှူး ဦးတင့်လွင်ဦးက မော်တော်ဆိုင်ကယ်များ လိုင်စင်ပြုလုပ်ဆောင်ရွက်ပေးနေပြီဖြစ်သည့်အတွက် လိုင်စင်မပြုလုပ်ရသေးသူများပြုလုပ်ကြရန်နှင့် မိမိတို့ရပ်ကွက်၊ ကျေးရွာအတွင်း တစ်ဆင့်ပြန်လည်နှိုးဆော် ဆောင်ရွက်ပေးသွာကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်၊ ကျေးရွာများတွင် လိုအပ်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ စာရေးဝန်ထမ်းများမှ ၎င်းတို့တာဝန်ကျကျေးရွာများတွင် လိုအပ်လျက်ရှိသောပညာရေးဝန်ထမ်းများနှင့်ပတ်သက်၍လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြကာ အသီးသီး အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်လလျှင်(၂)ကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး အစည်းအဝေးသို့ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)