ငါန်းဇွန်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့နှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကျင်းပ

ငါန်းဇွန်   ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့နယ်တွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စည်းရုံးရေးဆိုင်ကိစ္စရပ်များနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းတည့် ၁၂နာရီအချိန်က တောင်လယ်တောကျေးရွာအုပ်စု တောင်လယ်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္က ဦးမျိုးမင်းသိန်း၊ ဒုရဲမှူးဇော်အောင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသန့်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှသိန်း၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်း၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုမြင့်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆန်းလင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဦးရဲခိုင်စိုး၊ မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးညီညီဝင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးလှိုင်မိုးဟိန်းတို့က တောင်လယ်တောကျေးရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးကြပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် Mask နှင့် Hand Gel များဖြန့်ဝေပေးခြင်း၊ ပြည်သူ့ ဝန်ဆောင်မှု ပေးလျက်ရှိသည့် လုပ်ငန်းများကို ပြည်သူများ သိရှိနိုင်စေရန် သက်ဆိုင်ရာဌာနအလိုက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဒေသခံပြည်သူများက မိမိတို့ကျေးရွာ၏ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ကျေးရွာအ.မ.ကတွင် ကျောင်းဆောင်(၂) (အလျားပေ၄၀၊ အနံ ပေ၂၀)၏ အခင်းများ ပျက်စီးနေမှုနှင့် သွပ်အမိုးများ ပေါက်ပြဲပျက်စီးနေမှုတို့ကို ပြုပြင်ပေးရန် လိုအပ်ကြောင်းကိုလည်းကောင်း၊ ကျေးရွာအတွင်းရှိ လမ်းများအား ပြုပြင်ပေးရန်ကိုလည်းကောင်း၊ နယ်မြေပြောင်းအိမ် ထောင်စုအတွက် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ခြင်းဆောင်ရွက်ရန် လိုအပ်သည့်အချက်အလက်များကိုလည်းကောင်း၊ တောင်သူများအနေဖြင့် ပုံစံ(၇)အမည်ပြောင်း လျှောက်ထားခြင်းကိုလည်းကောင်း၊ နေကြာသီးညှပ် စိုက်ပျိုးခြင်းနှင့် သီးသန့်မျိုးစေ့ထုတ်လုပ်ခြင်းအား  အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊  ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ များက ပေါင်းစပ်ညှိနှိုင်း ကွင်းဆင်းဆောင်ရွက်ပေးကြရာ ကျေးရွာအတွင်း လူနေအိမ်နှင့် နီးကပ်နေ သော Service Wire အား လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ကျေးရွာမီးလင်းရေး ကော်မတီ၊ အိမ်ရှင်တို့နှင့်အတူ ပြုပြင်ဆောင်ရွက်ခြင်း၊ ကျောင်းဆောင်(၂) ပြုပြင်ရန်၊ ကျေးရွာချင်း ဆက်လမ်းများ ကောင်းမွန်မှုရှိစေရေး လိုအပ်ချက်များနှင့် ကျေးရွာအားကစားကွင်း ပီပြင်မှုရှိစေရေး ဆောင်ရွက်ပေးရန်ကွင်းဆင်းကြည့်ရှုခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)