သံတွဲ သြဂုတ် ၃၁
မြန်မာတို့၏အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင်ထိန်း သိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ သံတွဲခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ကကြီးမှူးကျင်းပသော (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက သံတွဲမြို့နယ် ဒွါရာဝတီခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်၊ သံတွဲမြို့မှ မြို့မမြို့ဖဦးလှဟန်နှင့် ငပလီမြို့မှ မြို့မိမြို့ဖဦးဖိုးရီအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ ထိုနောက်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်) ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကားပြောရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၂၀၁၇ ခုနှစ်မှ စကာရပ်နားထားသည်မှာ ငါးနှစ်ရှိပြီဖြစ်ကြောင်း၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများ မတိမ်ကောမပပျောက်စေရန်နှင့် မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဝါသနာရှင်ပြိုင်ပွဲဝင်များနှင့် အဖက်ဖက်မှ ပံ့ပိုးကူညီသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် တာဝန်ရှိသူအသီးသီး ကဝါသနာရှင်ပြိုင်ပွဲဝင်များနှင့် ပံ့ပိုးကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး ပြိုင်ပွဲဝင်များက *ဂီတအခြေခံ* သီချင်းဖြင့် အဖွဲ့လိုက်သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
စန္ဒာကြည်