ပုဂံမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

ညောင်ဦး ဩဂုတ် ၃၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ တို့၏ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ပုဂံမြို့ ရပ်ကွက်များအလိုက် ရောင်းချပေးနေကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ပုဂံမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက်တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီငါးဆယ်သားကို ၂၇၅၀ ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး ပုဂံမြို့ အနော်ရထာရပ်ကွက်ရှိ သိုက်တိုင်ရပ်၊ ခမ်းလောင်းရပ်၊ ခမ်းလတ်ရပ်၊ ဥဇနာရပ်နေရာများအား Mobile ကားဖြင့် လိုက်လံရောင်းချလျက်ရှိကြောင်း သိရသည်။ အဆိုပါ Mobile ကားဖြင့် ရပ်ကွက်နေပြည်သူများလက်ဝယ် အရောက် ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိရာ စားအုန်းဆီပိသာချိန် ၆၆၀ ပိသာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ