ကျိုင်းတုံ ဩဂုတ် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများရုံးလုပ်ငန်းများ ပိုမိုတတ်ကျွမ်းနားလည်လာစေရန်နှင့် လက်တွေ့အသုံးချမှုကျွမ်းကျင်တတ်မြောက်လာစေရန် ရည်ရွယ်၍ ယမန်နေ့က စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက နိုင်ငံဝန်ထမ်းဥပဒေစာအုပ်ထဲမှ ဝန်ထမ်းများ၏ တာဝန်နှင့်အခွင့်အရေးများအကြောင်းကိုဆွေးနွေးပြီး ဝန်ထမ်းများကခွင့်ခံစားခြင်း၊ ခွင့်နှင့်စပ်လျဉ်းသည့်သတ်မှတ်ချက်များ၊ ဝန်ထမ်းများ၏ အရည်အချင်းသတ်မှတ်ခြင်း၊ အရည်အချင်းအကဲဖြတ်ခြင်းဆိုင်ရာ စသည့် နိုင်ငံဝန်ထမ်းဥပဒေစာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနေဖြင့် လူငယ်၊ လူရွယ်များ၊ လူကြီးမိဘများအားလုံးပါဝင်ကာ စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုများရရှိစေရန်၊ စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများသိရှိ၍ စာဖတ်ခြင်းတွင် ပျော်မွေ့စေရန်ယခုလို စာဖတ်ဝိုင်းများကို ကျောင်းသား၊ ကျောင်းသူများ၊ Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)