မိုးနဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

မိုးနဲ ဩဂုတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်ရဲတပ်ဖွဲ့၊ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေးနှင့် အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၃၀ ရက်‌နေ့ မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁) မြို့မ အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်က လူကုန်ကူးမှုလုပ်ဆောင်ကြသူများ၏ စရိုက်လက္ခဏာများ၊ လူကုန်ကူးခြင်းမခံရအောင် သိထားသင့်သည့်အချက်များ၊ လူကုန်ကူးခြင်းခံရသူများအား နှစ်သိမ့်ဆွေးနွေးခြင်းနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှုး ထွန်းမင်းထွန်းက အရွယ်မရောက်သေးသူများ မော်တော် ဆိုင်ကယ်မောင်းနှင်ခြင်း မပြုရေး၊ အသက်(၁၈)နှစ်ပြည့်မှသာ ယာဉ်မောင်းလိုင်စင်ထုတ်ပေးသည့်အတွက် မိဘများအနေဖြင့် မော်တော် ဆိုင်ကယ်၊ ‌‌မော်တော်ယာဉ်များကို ကျောင်းသားလူငယ်များအား မောင်းနှင်ခွင့်မပြုကြရန် လိုအပ်ကြောင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိနှင့် သတိရှိစေရေးတို့ကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဝိုင်းဝန်း ကာကွယ်ရေး၊ ပလတ်စတစ် ညစ်ညမ်းမှု ဆိုကျိုးများ နှင့်ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့ အမှတ်(၁)မြို့မ အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အင်အား ၁၀၀ ကျော် တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)