ပင်လောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းပြုလုပ်

ပင်လောင်း ဩဂုတ် ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကဒ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင်  ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။

သင်တန်းတွင် မြို့နယ်ပညာရေးမှူး ဦးတင်ငွေက အမှာစကားပြောကြားပြီး၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက ကျောင်းသား/ကျောင်းသူများ၊ ပညာရေးမိသားစုများနှင့် ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ် (၉)ရပ်ဖြစ်သည့် ကျောင်းကျန်းမာရေးအသိပညာမြှင့်တင်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေး၊ အစားအစာများအန္တရာယ်ကင်းဝေးရေး၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ကျောင်းမှပြည်သူအတွင်းသို့ မူမှန်လူနေမှုဘဝဟန်များရောက်ရှိရေးလုပ်ငန်း၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်း၊ လူမှုရေးပံ့ပိုးမှုလုပ်ငန်း၊ သင်တန်းနှင့်သုတေသနလုပ်ငန်း၊ ကာယနှင့်အားကစားလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များအနက် သင်တန်းနှင့်သုတေသနလုပ်ငန်းမှာ အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ပြီး မြို့နယ်တိုင်းတွင်တစ်နှစ်လျှင်တစ်ကြိမ် မြို့နယ်ကျောင်းကျန်းမာရေးသင်တန်းနှင့် ကျောင်းအဆင့်ကျောင်းကျန်းမာရေးဆင့်ပွားသင်တန်းများကို သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ အဆိုပါသင်တန်းပို့ချပေးခြင်းဖြင့် ပညာရေးနှင့်ကျန်းမာရေးဝန်းထမ်းများ၏ ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့်ပတ်သက်သော ဗဟုသုတများ၊ လုပ်ငန်းစွမ်းရည်များ မြင့်မားလားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

သင်တန်းကို သင်တန်းနည်းပြဆရာ(၄)ဦးဖြင့် ဩဂုတ်လ ၃၀ ရက်တစ်ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး၊ အဆိုပါသင်တန်းသို့ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း (၂၈၁)မှ ဆရာ/ဆရာမ စုစုပေါင်း (၂၈၁)ဦးတက်ရောက်ကြကြောင်း သိရသည်။

ခွန်အာကာစိုး