ပြင်ဦးလွင် ဩဂုတ် ၃၁
ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအုပ်စု ၊ မြိုင်ကြီးကျေးရွာတွင်ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ပြင်ဦးလွင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းက တွေ့ဆုံပွဲအခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အကြောင်းအရင်းတို့အား ရှင်းလင်း ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသောင်းမြင့်သိန်းက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းကာ လုပ်ငန်းဆောင်ရွက်ပေးမည့် အခြေအနေများအား ဆွေးနွေးသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြစ်ကြသည့် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်တို့က ဌာနအလိုက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြသည်။
ထို့နောက် ကျေးရွာနေပြည်သူများက ကျေးရွာလိုအပ်ချက်များအား ပြန်လည်တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသောင်းမြင့်သိန်းက ဖြည့်စွက်ရှင်းလင်း၍ ဆောင်ရွက်ပေးမည့်အစီအမံများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအတွက် နေကြာစိုက်ပျိုးရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက Mask Campaign ပြုလုပ်ခြင်းနှင့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း ကာကွယ်ဆေး (Booster)ထိုးနှံပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ခြင်းနှင့် မွေးတိုး/အလျော့ ပြုလုပ်ပေးခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာတွင်းလမ်းများအား ကွင်းဆင်းစစ်ဆေးခြင်းများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးရွာအတွင်းရှိ ကြက်ခြံများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့က ကျေးရွာသူ/ ကျေးရွာသားများထံသို့ ထောက်ပံ့ငွေနှင့် သီးပင်စားပင်မျိုးစေ့များ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဝက်ဝံ ကျေးရွာအုပ်စု၊ မြိုင်ကြီးကျေးရွာရှိ တိသရဏာရာမမြိုင်ကြီးကျောင်း ဆရာတော် ဦးဇောတိကထံသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိများအပါအဝင် ကျေးရွာပြည်သူ(၁၂၀)ဦး တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲအခမ်းအနားအား မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဖြူလူသစ်