ပင်လောင်း ဩဂုတ် ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပပြုလုပ်သည့် အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အထက(၁) အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ဗိုလ်လုပွဲတွင် အထက နောင်တရားဘောလုံးအသင်းက အထက(ခွဲ)ရေဦးထီယွန်းဘောလုံးအသင်းအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း၊ ထို့နောက် ဆုပေးပွဲအခမ်းအနားတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုနှင့် နေရာအလိုက် အကောင်းဆုံးဆုရရှိသည့် ဘောလုံးသမားများ၊ ပူးတွဲတတိယဆုရရှိသည့် အထက(၁) ပင်လောင်း ဘောလုံးအသင်းနှင့် အထက(ခွဲ) ဝါးလီဘောလုံးအသင်းအား ဆွဲပြားဆု၊ ငွေသားဆုကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က ဒုတိယဆုရရှိသည့် ရေဦးထီယွန်းဘောလုံးအသင်းအား ဆွဲပြားဆုနှင့်ငွေသားဆုကို လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးတင်ငွေက ပထမဆုရရှိသည့် အထကနောင်တရားဘောလုံးအသင်းအား ဆွဲပြားဆု၊ ငွေသားဆုနှင့်ဆုဖလားကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်းပြီး၊ ဘောလုံးပြိုင်ပွဲတွင် ဘောလုံးအသင်း(၂၀)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခွန်အာကာစိုး