မိုင်းဆတ်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် ဟိုနားကျေးရွာ နမ့်ခမ်းချောင်းကူးတံတားတည်ဆောက်ပြီးစီး၍ ပြည်သူများဖြတ်သန်းသွားလာ

မိုင်းဆတ် ဩဂုတ် ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဩဂုတ်လ(၂၆)ရက်နေ့ညက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ်လ(၂၇)ရက်နေ့နံနက်ပိုင်းတွင် ပြိုကျပျက်စီးခဲ့သည့် မိုင်းဆတ်-မိုင်းခုတ်သွားကားလမ်း ဟိုနားကျေးရွာရှိ နမ့်ခမ်းချောင်းကူး ကွန်ကရစ်တံတားနေရာတွင် ဘေလီသံဘောင်တံတား ယမန်နေ့ည(၇)နာရီခန့်က တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ နမ့်ခမ်းချောင်းကူး ကွန်ကရစ်တံတားသည် (၁၉၉၈)ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အလျား(၄၀)ပေ၊ အကျယ်(၂၄)ပေ၊ တံတားခံနိုင်ဝန် တန်(၃၀)ရှိကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် မိုင်းခုတ်ဘက်ခြမ်းရှိ ကမ်းကပ်ခုံနိမ့်၍ ပြိုကျပျက်စီးသွား၍ ဩဂုတ်လ(၂၇)ရက်နေ့တွင် ယာယီဝါးတံတားတည်ဆောက်ပေးခဲ့ရာ ဩဂုတ်လ(၃၀)ရက်နေ့ညပိုင်းက အလျား(၉၀)ပေ၊ အကျယ် (၁၂)ပေ၊ တံတားခံနိုင်ဝန်(၁၃)တန်ရှိ သံဘောင်ဘေလီတံတားကို တည်ဆောက်ပေးပြီးစီးခဲ့၍ ယနေ့တွင်ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ပြီဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။

မြင့်မောင်(ပြန်/ဆက်)