လွိုင်လင် ဩဂုတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တွင် ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ လွိုင်လင်ခရိုင်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက်(၀၉:၃၀)နာရီက ကျင်းပကြောင်း သိရသည်။
အစီအစဉ်အရ အဆိုပါပြိုင်ပွဲအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်း၊ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်၊ ခရိုင်ရဲမှူးဒုတိယရဲမှူးကြီး မြင့်စိုး၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာမြင့်မြင့်ခိုင် တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းမှ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ အဆိုပြိုင်ပွဲကို ကျင်းပရာကာလပေါ် အဆင့်မြင့်ပညာအဆင့်အမျိုးသမီး၊ ကာလပေါ်ဝါသနာရှင်အဆင့်အမျိုးသမီး၊ အသက် ၁၅-၂၀ နှစ် အမျိုးသမီးအဆိုပြိုင်ပွဲနှင့် အသက် ၁၀ -၁၅ နှစ်အမျိုးသမီးအဆိုပြိုင်ပွဲများကို ကျင်းပပြီးနံနက်ပိုင်းအစီအစဉ်ကို ခေတ္တရပ်နားသည်။ အဆိုပြိုင်ပွဲကျင်းပအပြီးတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက အလှူငွေကျပ်ငါးသိန်းကိုပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူပါသည်။ ထို့အတူ သံချပ်ကာတပ်မှူး၊ အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မှူး၊ နမ့်စန်လေတပ်စခန်းဌာနချုပ်တပ်မှူးတို့က အလှူငွေကျပ်သုံးသိန်းကိုပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက လက်ခံရယူကြသည်။ အကပြိုင်ပွဲများကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး