နမ္မတူမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကဒ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဆွေးနွေးပွဲကျင်းပ

နမ္မတူ ဩဂုတ် ၃၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကဒ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆွေးနွေးပွဲတွင် ရှေ့ဦးစွာမြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးက အမှာစကားပြောကြားရာတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းကျန်းမာရေးစစ်ဆေးမှု ဖြည့်သွင်းရန်အချက်အလက်များ မှတ်တမ်းကဒ်အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကဒ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်လွင်နှင့် မြို့နယ်လက်ထောက်ကျန်းမာရေးမှူး ဒေါ်ဒီဒီဘောက်နန်တို့က သင်တန်းနည်းပြအဖြစ်ဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီးဆရာမကြီးနှင့် ကျောင်းတာဝန်ခံ(၈၂)ဦး၊ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူးနှင့် ဒုတိယမြို့နယ်ပညာရေးမှူး(၂)ဦး စုစုပေါင်း(၈၅)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။

လူမော်(ပြန်/ဆက်)