မိုင်းခုတ်မြို့၊ မီးသတ်ဦးစီးဌာနနှင့် နောင်တုံကျေးရွာ၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေး

မိုင်းခုတ် ဩဂုတ် ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များလှည့် လည်ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကမီးသတ်ဦးစီးဌာနရုံးနှင့် နောင်တုံကျေးရွာအတွင်း လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း ၂၀၀ ကိုသယ်ဆောင်၍ မီးသတ်ဦးစီးဌာနနှင့် နောင်တုံကျေးရွာအတွင်းရှိ စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက်ငှားရမ်းပေးခြင်းနှင့် ယခင်အပတ်ငှားရမ်းထားသော စာအုပ်၊ စာစောင်များအပ်နှံမှုတို့ကို လက်ခံဆောင်ရွက်ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် လူငယ်၊ လူရွယ်များ၊ စာပေဝါသနာရှင်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့်အလေ့အထများရရှိစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များလာရောက် ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် စာဖတ်ပရိသတ်များအဆင်ပြေစွာ ငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ လှည့်လည်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)