ဒဂုံမြို့နယ်၌ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းလုံခြုံရေး ယာဉ်ကြောပိတ်ဆို့ စစ်ဆေးခြင်း ဆောင်ရွက်

ဒဂုံ စက်တင်ဘာ ၁၄

ရန်ကုန်တိုင်ဒေသကြီး၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်၊ လိပ်ကန် ရှေ့၌ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးမြင့်ဦး၊  ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့်  ရပ်ကွက်တာဝန်ခံတို့ ပူးပေါင်း၍ ယမန်နေ့ည ၉နာရီက ယာဉ်ကြောပိတ်ဆို့  စစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။

ယာဉ်စစ်ဆေးရာတွင် မြို့နယ်တာဝန်ရှိသူများက အများပြည်သူများ  စိတ်အေးချမ်းစွာ နေနိုင်ရေး၊ ဒုစရိုက်မှုခင်းများ မဖြစ်ပေါ်စေရေးနှင့် အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်နိုင်ရေးတို့ အတွက် ယာဉ်တင်လှည့်ကင်းဆောင်ရွက်ခြင်း၊ လမ်းတလျှောက်ဖြတ်သန်းသွားလာသော  ယာဉ်များအား ရပ်တန့်စေပြီး ယာဉ်စည်းကမ်းဆိုင်ရာများ သိရှိစေရန် ယာဉ်စစ်ပိတ်ဆို့ ဆောင်ရွက်ခြင်းနှင့် နယ်မြေအေးချမ်း လုံခြုံရေးတို့အတွက် စစ်ဆေးကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးပေးခြင်းအားဖြင့် နေ့စဉ်ခရီးသွားပြည်သူများအတွက် ယာဉ်အန္တရာယ် မတော်တဆ ဖြစ်မှုများနှင့် အခြားမလိုလားအပ်သည့် အန္တရာယ်များ မဖြစ်ပေါ်စေရန်  စုပေါင်းဆောင်ရွက်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)